Tuesday, March 29, 2016

ညီ​လေး......သို့

"ညီလေး....သို့"
(၁)
သတိထား ညီလေး
အဲ့ဒီအပြုံးချိုချိုတွေအောက်မှာ
သွေးအေးရက်စက်တဲ့
ဓားထက်ထက်တွေရှိတတ်တယ်

(၂)

ညီလေးရေ....
ပညာရှင်ဆိုတာ အတန်းထဲကထွက်တာမဟုတ်ပါဘူး
ထန်းတက်တဲ့နေရာမှာ ထန်းတက်သမားက ဆရာတစ်ပါးလေ
အမေ့ဝမ်းကထွက်ကတည်း ဘဝဆိုတဲ့ကျောင်းမှာ အသိပညာတွေသင်ဖို့အပ်ထားပြီးသားကွ
ဘဝနာခဲ့ရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့
မကျေနပ်ချက်ကျွတ်ထိုးသံကို ယမကာမှန်မှန်သောက်ရုံနဲ့တော့
ကံတရားက ရေချိန်မကိုက်နိုင်ဘူး
စိတ်ထားကိုမှန်အောင်ထား၊စေတနာထားတဲ့လူက ကောင်းကျိုးခံစားရမှာပေါ့
အချိန်တော့နှေးချင်နှေးလိမ့်မယ်....
လိပ်ဆိုတာ ရေထဲမရောက်ခင်တော့ မြန်မြန်မသွားဘူးလေ
လူငယ်သဘာဝ ဆိုးမိုက်မိတာရှိပါလိမ့်မယ်.....ဒါပေမယ့်ညီလေးရယ်
အင်္ဂုလိမာလလောက်မိုက်ပြီးရင်တောင် လိမ္မာသေးတာ
လူဆိုတာ ကြိုးစားရင် ထိုးထားတဲ့လက်ညှိုးတွေကို ပြန်တောင် ခိုင်းစားလို့ရပါတယ်
ငုံ့ထားတဲ့ခေါင်းကို မော့၊ကုန်းနေတဲ့ ခါးကိုမတ်
လူဆိုတာ မြေကြီးကို စုံကန်ရပ်ရဲရမယ်ကွ။

(၃)

ညီလေးရေ...
ပုရွတ်ဆိတ်နဲ့နှံ့ကောင်တဲ့
မှတ်မိဦးမယ်ဆိုရင် အင်္ကျီဖြူဘောင်းဘီစိမ်းနဲ့
တို့တွေကဗျာစရွတ်တဲ့အချိန်က ပုံပြင်လေးတစ်ပုဒ်ပေါ့
တို့တတွေလည်း ဝေဖန်ကြမယ်
ခုကုန်တော့မယ်နှစ်မှာ ဘာတွေရလိုက်လဲ
နောက်နှစ်မှာ ဘာတွေယူကြမလဲ
ယုတ်စွအဆုံး..တစ်နှစ်လုံး အမှားတွေချည်းပဲဆိုတောင်
နောက်နှစ်မှာ အမှားအသစ်တွေဖြစ်ရမယ်လေ
သင်ခန်းစာအသစ်မှာ မှားခွင့်ရတာဟာ
မင်းအတန်း(အောင်ပြီး)တက်ခဲ့လို့ပဲညီလေး
အမှန်တရားပဲ ဖက်တွယ်ချင်တယ်ဆိုရင်
မှန်တစ်ချပ်ကို အရင်ကြည့်ပါ
မင်းရဲ.ဘယ်လက်ကို သူကညာဘက်မှာပြလိမ့်မယ်
ညီလေးရေ..အတိတ်ဆိုတာ ပြန်နွှေးလို့မရတဲ့ ဟင်းသိုးကွ
အနာဂတ်ဆိုတာတော့ ငါတို့အခုရေးရမယ့် သမိုင်းသစ်ပေါ့
ဌာန်ကရိုဏ်းကျကျပြန်ဖတ်နိုင်ဖို့ဆိုတာ......
ပုရွတ်ဆိတ်တစ်ကောင်ထက်တော့ လုပ်အားပိုလိုလိမ့်မယ်
အတိတ်အကြောင်း ရယ်ရယ်မောမောပြန်ပြောတဲ့သူတွေမှာ
ခက်ခဲတဲ့လမ်းကြောင်းကို ဇွဲနပဲနဲ့ ခြေဖနောင့်တွေပေါက်တဲ့အထိ
အိပ်မက်တွေ ကျောပိုးအိတ်ထဲ ထည့်လျှောက်ခဲ့ကြဖူးတယ်.... ညီလေး။

(၄)

ညီလေးရေ...
ချစ်သူကို ချစ်တယ်ပြောဖို့ မပျင်းမိစေနဲ့
မျှော်လင့်ခြင်းတွေ ကုန်ဆုံးသွားတဲ့အခါ
ဘယ်အလွမ်းနဲ့မှ အာပတ်ဖြေလို့မရဘူး
နောင်တတွေထဲမှာ ချစ်လျက်နဲ့ဝေးရတာ အားအပြင်းဆုံး
တကယ်တော့ တချို.ပန်းတွေဟာ
နေရောင်မထိ၊ရေမဖြန်းလို့ မပွင့်လန်းခဲ့ရတာပါ
အကိုလည်း သိတယ်......
ရည်းစားစကားပြောရတာလွယ်ပါတယ်
ခက်တာက သူတို့ကြားသွားမှာပေါ့
ညီလေးရေ....
ယောက်ျားတွေရဲ.သတ္တိတွေထဲမှာ
ကြိပ်လွမ်းရဲတာဟာ အကျဉ်းအတန်ဆုံး
ချစ်တဲ့သူကို စေ့စေ့ကြည့်၊ပြုံးပြုံးလေးနဲ့
စကားလေး လေးခွန်းလောက်ပြောလိုက်ပါ
အောင်မှတ်မရရင်တောင် မင်းဟာ တစ်သက်လုံးအရှူံးသမားမဟုတ်တော့ဘူး
တကယ်တော့ ချစ်ခြင်းတရားဟာ
ပွင့်လင်းရိုးသားဖို့အရေးကြီးတယ် ညီလေး....။

(၅)

ညီလေးရေ...သတိထားဟ
မင်းတွဲနေတာ အရောင်တော့ တကယ်လှတယ်
အကွက်ကျကျနဲ့ ကစားတတ်တာ မြွေးပွေးမဆိုလည်း မမှားဘူး
မုသားဆိုတာ...သူ့အတွက်တော့
လျှာဖျားမှာ တပ်ထားတဲ့ အဆင်တန်ဆာတစ်ခုပဲ
လိုချင်တာ ပုံပေးနေသရွေ့တော့
မင်းဟာ သူပျော်ရာ နန်းတော်ကြီးပေါ့
သူ့အတ္တကို အရောင်ခြယ်မပေးနိုင်တဲ့နေ့မှာ
မင်းဟာ..နန်းကျဘုရင်ဖြစ်သွားလိမ့်မယ်
သေချာရှာကြည့်လိုက်ပါ
သူ့လက်ဖျံမှာ အသည်းစားတဲ့တံဆိပ်တစ်ခုကို
တက်တူးကနုတ်နဲ့ သဏ္ဍန်လုပ်ထားလိမ့်မယ်
ညီလေးရေ.......
ငါးထိုးတဲ့မိန်းဆိုတာ မ,ထားတဲ့သူတွေကို မိန်းမလို့ခေါ်တာကွ
ရင်ဘတ်ချင်းနီးတဲ့ အမျိုးကောင်းသမီးဖြစ်တဲ့ အမျိုးသမီးကို မြင်ရအောင်ကြည့်
ရတနာယောင်ဆောင်ထားတဲ့ ပုလင်းကွဲနဲ့တော့
နှလုံးသားကို ရဲပတောင်းမခတ်ပါစေနဲ့...ညီလေး..။

(၆)

ညီလေးရေ......
လောကဓံဆိုတာ တို့ရဲ့ဖွားဖက်တော်ကံကွ
သူက တခါတခါ ကျောကို လာလာကန်လိမ့်မယ်
ရင်ဘတ်ပါ ကော့ပေးထားလိုက်ပါ
ခံရတာဟာ အသားမာတာထက်တော့မပိုနိုင်ပါဘူး
အချိန်ပိုအထိ အရှူံးမပေးနဲ့
ဘဝဆိုတာ သရေလုပွဲမဟုတ်လို့
နောက်ဆုံးမှာ ပြုံးနိုင်အောင်
လာသမျှဖဲကို ရှိုးသာရှိုးထားပလိုက်ပါ ညီလေးရေ။

(၇)

ညီလေးရေ.......
မကျေနပ်ချက်တွေများလာရင်
မျိုသိပ်မူတွေ သွားကြားညှပ်လာမယ်
"တောက်"ခေါက်တာတောင် ကာလာမညီနိုင်ဘူး
တခါတလေတော့ ခေါင်းပုတ်ခံလိုက်ပါ
တစ်သက်လုံးတော့ ခေါင်းငုံ့မခံနဲ့
အမောက်ထောင်ပြစရာမလိုပါဘူး
နဂါးမဟုတ်လဲ မတရားတော့အလုပ်မခံနဲ့
ညီလေးရေ.....
တချို.လူတွေက လူလုံးထွက်ပြမှ အရိပ်မြင်တာကွ
ကျောင်းမှန်းကန်မှန်းသိအောင်ပြထား...
ဒေါသတွေတော့ စုစုမထားနဲ့
မှတ်မိမယ်ဆို တိုင်းရင်းသားစကားပုံတစ်ခုသတိရပါ
လေများများမှုတ်သွားခံရတဲ့ ပူဖောင်းဟာ ပေါက်တတ်တယ်
ကိုယ့်ခံနိုင်အားလွန်သွားရင် ချစ်သူတွေတောင် ရန်သူဖြစ်နိုင်လို့
တစ်ယောက်တည်းစိတ်အိုက်မခံနဲ့......
ပွင့်လင်းပါးနပ်စွာ လှစ်ပြတတ်ပါစေ...ညီလေးရေ။

(၈)

ညီလေးရေ............
အဓိပ္ပါယ်တွေ တစ်လှေကြီးနဲ့ ပုတ်လောက်ရေးပြလဲ
တချိုက အကြီးကြီးလို့ပဲ ပြောလိမ့်မယ်
အမှန်တစ်ခုမြင်တာပဲလို့ ကြံဖန်ဝမ်းသာလိုက်ပါ
လူဆိုတာ အကောင်းမြင်ပေးမှ အသက်ရှည်တာ
ယုံကြည်ရာကိုသာ ဆက်လက်တူးဖော်သွားပါ
ထမင်းအိုးက တစ်နေ့တော့ မင်းစားပွဲပေါ်ရောက်လာမှာပါ
မပြီးခင်မို့ မြင်ရာပြောတတ်တဲ့သဘာဝကို နားလည်ပေးလိုက်
မဟုတ်လို့မခံနိုင်၊ဝေဖန်သံတွေသာ ဘာသာလိုက်ပြန်နေရင်
နေဝင်ချိန်ဟာ အာပုတ်စော်နံတာပဲ အဖတ်ကျန်နေမယ်
တက်နိုင်သလောက်မြင့်မြင့်သာတက်ပါ
အပေါ်မော့ရတာ ဇက်ညောင်းလာရင် သူတို့ပါးစပ်တွေ လေဝသွားလိမ့်မယ်
ညီလေးရေ...ထမင်းလွတ်အောင်ရူးကွ
စိတ်လွတ်ကိုယ်လွတ်မပျော်မြူးနိုင်ရင်
ဘယ်အရာမှာမှ ထူးလာမှာမဟုတ်ဘူး
တပါးသူ တံဆိပ်ခတ်မှာကို အဆိပ်ခပ်မှာထက်ကြောက်ရမယ်
မှားရဲ၊ပြင်ရဲမှ မွဲပြာပုဆိုးဘဝက ကွဲထွက်နိုင်မှာ
ဥာဏ်နဲ့ဝိရီယကို အားပြုထားပါ....
ကံဆိုတဲ့ဓါးသွားဟာ.....ဝင်းပလာလိမ့်မယ်
နောက်ဆုံးတစ်နေ့မှာ ပြန်တွေးကြည့်ရင်..........
အတိတ်ဆိုတာ စိတ်ကြိုက်ရေးခဲ့တဲ့သမိုင်းတစ်စဖြစ်နေပါစေ ညီလေးရေ...။

(၉)

ညီလေးရေ.......
တို့တွေငယ်ငယ်က ယောက်ျားဆိုတာ မိုက်ရဲမှလို့ထင်ခဲ့ဖူးတယ်နော်
မြေစမ်းခရမ်းပျိုးတဲ့အချိန်မှာ တက်တူးမထိုး၊အရက်၊ဆေးလိပ်မှ မသောက်ရင်
လူကြောက်တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြတယ်
တကယ်တော့ ငါတို့အသိဥာဏ်တွေ မျက်စိမှောက်ခဲ့တာပါ
ယောက်ျားဆိုတာ........ လိမ္မာရဲတဲ့ သတ္တိရှိမှကွ
မျက်စိမှိတ်ပြီး ဇွတ်မိုက်နေတာဟာ သွေးနည်းနေသေးလို့ပဲ
ညီလေးရေ......
သားကောင်းဟာ ခင်ပွန်းကောင်းမဖြစ်နိုင်ဘူးတဲ့
ရဲရဲကြီးရွေးလိုက်စမ်းပါ.....အမေဆိုတာ အစားထိုးမရလို့
ခင်ပွန်းကောင်းဆိုတာကို အချိန်ရွှေ.ထားလိုက်ပါ
ဒါပေမယ့်..ညီလေးရေ........
ယောက်ျားတစ်ယောက်ရဲ. နေဝင်ချိန်ဆိုင်းဘုတ်ဟာ
ဖခင်ကောင်းတစ်ဦးဖြစ်ခြင်းတဲ့
မျိုးဆက်ကို အမွေပေးဖို့.......
ကောင်းခြင်းတရား(ဓမ္မ)ကို ထုံးလိုမွှေနောက်ထားပါ
မမေ့ပါနဲ့.....မင်းဟာ တနေ့ အဖေဖြစ်မယ့်လူတစ်ယောက်ဖြစ်တယ်။

PK(ကျောင်းစောင့်ကြီး)

မူရင်း  page link
https://m.facebook.com/%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%85%E1%80%AC%E1%80%84%E1%80%B9%E1%80%B7%E1%81%BE%E1%80%80%E1%80%AE%E1%80%B8%E1%80%9B%E1%80%B2%E1%80%B7-%E1%80%94%E1%80%B6%E1%80%9B%E1%80%B6%E1%80%80%E1%80%95%E1%80%B9%E1%80%85%E1%80%AC%E1%80%B1%E1%80%85%E1%80%AC%E1%80%84%E1%80%B9-1833615823531350/


No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...