Tuesday, February 23, 2016

ဂျီပီအက်(စ်) (GPS) ဆိုတာဘာလဲ











ဂျီပီအက်(စ်) (GPS) ရဲ့အပြည့်အစုံကတော့ Global Positioning System ဖြစ်ပါတယ်။ မြန်မာမှုပြု ရရင်တော့ (ကမ္ဘာလုံးဆိုင်ရာ တည်မှတ်ရှာဖွေရေးစနစ်)လို့ ပြောရင်ရနိုင်မယ်လို့ ထင်ပါတယ်။ ဒီစနစ်ဟာ နှစ်ဆယ့်တစ်ရာစု လူသားများအတွက် ဘုရားသခင်ရဲ့လက်ဆောင်လို့တောင် ပြောနိုင်ကြပါ လိမ့်မယ်။ ဒီစနစ် ပေါ်ထွန်းလာခဲ့တဲ့အတွက် သဲကန္တာရအလယ်မှာ၊ သမုဒ္ဒရာကြီးထဲမှာ၊ တောအုပ်ကြီးထဲမှာ လမ်းပျောက်ပြီး မျက်စေ့လည်နေတဲ့သူဆိုတာ မရှိနိုင်တော့ပါဘူး၊ ယခင်က မြေပုံတစ်ချပ် လမ်းညွှန်အိမ်မြောင် တစ်လက်နဲ့ မိမိသွားလိုရာ(သို့) မိမိရောက်ရှိနေတဲ့နေရာကို ခက်ခက်ခဲခဲရှာဖွေ တွက်ချက်ခဲ့ကြရပါတယ်။ ယခု ဂျီပီအက်(စ်)တစ်လုံးနဲ့ ကိုယ်ဘယ်နေရာမှာ ရောက်ရှိနေတယ်။ မိမိသွားလိုတဲ့အရပ် (Destination) ကဘယ်မှာရှိတယ်။ မိမိမောင်းနှင့်နေတဲ့ မော်တော်ယာဉ် ကိုလက်ရှိနှုန်းနဲ့ မောင်းရင်ဘယ်အချိန်မှာ ရောက်မယ်၊ ဘယ်လမ်းကြောင်းကသွားရင် အတိုဆုံးဖြစ်မယ်။ စတာတွေအထိ ဂျီပီအက်(စ်) လမ်းညွှန်မှု စနစ်နဲ့ ဆောင်ရွက်နေနိုင်ပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့အနှစ်(၂၀) ကျော်က ဘူမိဗေဒ အချက်အလက်များကို၊ မြေပုံပေါ်မှာတင်တဲ့အခါ လမ်းညွှန် အိမ်မြှောင်ကွန်ပါနဲ့ Topo Base Map ကိုသုံးပြီးတင်ရပါတယ်၊ အချိန်ကြာပြီး ကျွမ်းကျင်မှုမရှိရင် အမှားများ ပါတယ်။ အခုအခါမှာတော့ ဒီအလုပ်ဟာ ဂျီပီအက်(စ်)ရဲ့အကူအညီနဲ့ မိနစ်အနည်းငယ်မျှသာ ကြာပါတော့ တယ်။ ဂျီပီအက်(စ်)ဟာ ဘူမိဗေဒ မြေပုံရေးဆွဲရာမှာနဲ့၊ Reconnaissance Prospect investigation မှာ ဒီနေ့ Geologist များ အတွက်မရှိမဖြစ်တဲ့ အသုံးအဆောင်တခုဖြစ်လာပါတော့တယ်။ မိမိလုပ်ငန်းပမာဏ ကို ဧရိယာအတွင်း ဂျီပီအက်(စ်) track ဖွင့်ပြီး တစ်ပတ်လျှောက်လိုက်တာနဲ့ ဧရိယာ တွက်ပြီးသားရပါပြီ။ ဒီတော့အခြေခံ concept ကိုသိမထားဘူးဆိုရင်မိမိ location data ဟာဘာကြောင့် လွဲနေရသလဲ ဆိုတာ မသိနိုင်ပါဘူး။


GPS Concept


ဂျီပီအက်(စ်)စနစ်ကို အမေရိကန်ကာကွယ်ရေးဌာနက စတင်တီထွင် အသုံးပြုခဲ့တာ ဖြစ်ပါ တယ်။ ကမ္ဘာအနှံ့ လမ်းညွှန်စနစ် (Navigation) နဲ့တည်မှတ်ညွှန်း (Positioning) စနစ်အဖြစ်မြို့ပြနဲ့ စစ်ဘက်သုံး အတွက်အဆင့်ဆင့် တိုးတက်တီထွင် ဆောင်ရွက်ခဲ့ပါတယ်။
ဂျီပီအက်(စ်)စနစ်ကို သုံးလို့ အသုံးပြုခ ပေးဆောင်စရာ မလိုဘူး။ လိုင်စင်ယူစရာလည်းမလိုဘူး။ (Free to use) ဖြစ်တယ်။ ဂျီပီအက်(စ်) စနစ်ကို ကမ္ဘာမြေပြင်၊ ရေပြင်ရှိ မည်သည့်အရပ်မှာမဆို (၂၄) နာရီစလုံး အသုံးပြုနိုင်တယ်။ ဒါကြောင့်လည်းပဲ ဂျီပီအက်(စ်)စနစ်ဟာ နိုင်ငံတကာသုံး စံလမ်းညွှန်စနစ်တစ်ခု ဖြစ်လာတယ်။ ဘယ်နေရာ ဘယ်အရပ်က ဘယ်သူပဲဖြစ်ဖြစ် အသုံးပြုနိုင်တယ်။


How Does GPS Technology Work?


Basic concept of GPS


ကမ္ဘာ့မြေပြင်ရဲ့အထက် ကောင်းကင်ယံအပြင် ကီလိုမီတာနှစ်သောင်း ကျော်မှာ လွတ်တင်ထားတဲ့ ဂြိုလ်တု (၂၄)လုံး ပေါ်မှာ အခြေခံတွက်ချက်တဲ့ စနစ်လည်း ဖြစ်ပါတယ်။ ရှေးအခါက ပင်လယ်ရေကြောင်းသွား ခရီးသည်များဟာ ကောင်းကင်က ကြယ်များကို ကြည့်ရှုမှတ်သားပြီး မိမိသွားလိုရာအရပ်၊ လမ်းကြောင်းကို ရှာဖွေခဲ့ကြတာနဲ့ ခပ်ဆင်ဆင်သဘောရှိပါတယ်။ ဒီဂြိုလ်တု (၂၄) လုံးကို ညွှန်းမှတ်များ (Reference points) များအဖြစ်နဲ့ မြေပြင်မှာရှိတဲ့ ဂျီပီအက်(စ်) (Receiver) ကနေ အသုံးပြု တွက်ချက်ပါတယ်။ မြေတိုင်းစကားနဲ့ ပြောရရင်တော့ ဂြိုလ်တုများကို ညွှန်းမှတ်များအဖြစ် အသုံးပြု၍ ဂျီပီအက်(စ်)က မိမိတည်နေရာကို တြိဂံဖွဲ့ယူသည်။ ထရင်ဂူလိတ် (Triangulate) လုပ်တာပါဘဲ။


ပုံ (၁)


အနီးစပ်ဆုံး ဥပမာနဲ့ပြောရရင်တော့ လမ်းညွှန်အိမ်မြောင်ကိုင်ထားတဲ့ ခရီးသွားတစ်ယောက်ဟာ မြေပုံပေါ်မှာ ပါရှိတဲ့ တောင်ထွတ်များ၊ အမှတ်အသားများ (စေတီ၊ ကျောင်း၊ ရွာ) ကို တကယ်မြေပြင်မှာ တိုက်ဆိုင်ရှာဖွေပါတယ်။ အဲဒီနောက်မြေပြင်ရှိယင်းအမှတ်အသားတို့ကို လမ်းညွှန်အိမ်မြောင်နဲ့ ချိန်ရွယ် ကြည့်ရှုပြီး မိမိရောက်ရှိနေတဲ့ နေရာ (position) ကို မြေပုံချပ်ပေါ်မှာ ပြန်လည်တွက်ချက် မှတ်သားသလို ပါပဲ။ မြေတိုင်းဝေါဟာရနဲ့ပြောရ ရင်တော့ Resection Method (ပုံ-၁ ရှု။) နဲ့ Compass Bearing ကိုယူပြီး မိမိတည်နေရာကို ရှာဖွေတွက်ချက်ခြင်းနဲ့ သဘောခြင်း အတူတူပါပဲ။
ဒီနမူနာက အနီးစပ်ဆုံး သဘောပေါက်နိုင်တဲ့ နမူုနာပဲ ဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ ဂျီပီအက်(စ်) စနစ်မှာ လမ်းညွှန်အိမ်မြောင်သုံးသလို၊ ညွှန်းရပ် (bearing) ကိုအသုံးမပြုပါဘူး။ ဂြိုလ်တု တွေအားလုံးဟာ ကောင်းကင်ယံတစ်နေရာထဲမှာ ရပ်တည်နေကြတာ မဟုတ်ပဲတိကျတဲ့ ကမ္ဘာပတ် လမ်းကြောင်း (Orbit) ထဲမှာ လျင်မြန်တဲ့အရှိန်နဲ့ လည်ပတ်နေကြလိုပဲ ဖြစ်ပါတယ်။ ဂျီပီအက်(စ်)စနစ်မှာ မိမိတည်ရာအရပ် (Position) ကိုသိရှိဖို့ ညွှန်းမှတ်ဖြစ်တဲ့ ဂြိုလ်တုများနဲ့ မိမိတည်ရာအရပ်ရဲ့အကွာအဝေး (Distance Measurement) ကိုသာအသုံးပြုပြီး၊ အကွာအဝေး ဆုံမှတ်များဖြစ်တဲ့ အမှတ် (point)ကို မိမိတည်ရာ အရပ်အဖြစ်နဲ့ တွက်ချက်ယူခြင်း ပဲဖြစ်ပါတယ်။
ဂျီပီအက်(စ်)ရီဆီဗာတစ်လုံးနဲ့ မြေပြင်ပေါ်မှာ မိမိရောက်ရှိနေတဲ့နေရာကို သိရှိဖို့အောက်ပါအဆင့် သုံးဆင့်နဲ့ ဂျီပီအက်(စ်)တိုင်းတာမှု စနစ်ကို ရှင်းလင်းတင်ပြနိုင်ပါတယ်။


အဆင့်(၁) ဂြိုလ်တုပတ်လမ်းအတွင်းရှိ ဂြိုလ်တုများသည် မိမိတည်ရှိရာအမှတ် (GPS Receiver) ၏ ညွှန်းမှတ်များ (Reference Points) များဖြစ်ပါတယ်။


ပုံ (၂)


မိမိရောက်ရှိနေတဲ့ နေရာကိုသိရှိဖို့ ကင်းထောက်တစ်ဦးက မိမိလှမ်းမြော် ကြည့်ရှုမြင်ရနိုင်တဲ့ ထူးခြားသော မြေပြင် အမှတ်အသားတစ်ခုခု (စေတီ၊ တောင်ထွတ်) ကို ညွှန်းမှတ်အဖြစ်နဲ့ လမ်းညွှန် အိမ်မြောင်ကို အသုံးပြုပြီး ချိန်ရွယ်ကြည့်ရှုရသလိုပဲ၊ ကမ္ဘာမြေပြင်ပေါ်မှာရှိနေတဲ့ ကျွန်တော်တို့နေရာကို အတိအကျသိရှိဖို့ ဂြိုလ်တုပတ်လမ်း အတွင်းမှာ လွတ်တင်ထားတဲ့ ဂြိုလ်တု ၂၄ လုံးကို ညွှန်းမှတ်များ အဖြစ်နဲ့ သတ်မှတ်ပြီး ဂြိုလ်တုတွေက အစဉ်လွှင့်ထုတ်နေတဲ့ ရေဒီယိုလှိုင်းအချက်ပြ (radio signal) များကို ဂျီပီအက်(စ်)နဲ့ဖမ်းယူပြီး မိမိနဲ့ဂြိုလ်တုရဲ့ အကွာအဝေးကို တွက်ချက်ပါတယ်။ ပတ်လမ်းအတွင်းမှာရှိတဲ့ ဂြိုလ်တုများဟာ မြေပြင်စခန်းက ထိန်းကြောင်း ပေးနေတဲ့အတွက် သူတို့ရဲ့လမ်းကြောင်းဟာ အင်မတန်တိကျ ပါတယ်။


အဆင့် (၂) Signal Travel Time Gives Distance


ဂြိုလ်တုမှထုတ်လွှင့်လိုက်တဲ့ရေဒီယိုအချက်ပြလှိုင်းများ မိမိထိရောက်ရှိရန်ကြာမြင့်တဲ့အချိန်ကို သိခြင်းဖြင့် ဂြိုလ်တုနှင့် မိမိအကွာအဝေးကို တွက်ချက်ရယူနိုင်ပါသည်။


(T)Travel x 2.9979 x 108 meter/second = Distance


ဂြိုလ်တုတွေက အထူးတီထွင်ထားတဲ့ (Coded Messages) တွေကို စဉ်ဆက်မပြတ် ထုတ်လွှင့် ပေးနေပါတယ်။ မိမိတို့လက်ထဲမှာရှိတဲ့ ဂျီပီအက်(စ်)ရီဆီဗာဟာ ဒီရေဒီယိုအချက်ပြလှိုင်းတွေဟာ ဘယ်အချိန်မှာ ဂြိုလ်တုကနေ စတင်ထွက်ခွာလာပြီး ဘယ်အချိန်မှာ မိမိဆီကို ရောက်ရှိလာတယ်ဆိုတာသိရှိပါတယ်။ ဒီလို signal တစ်ခုရဲ့ ဂြိုလ်တု မှစတင်ထွက်ခွာချိန်နဲ့ မိမိရီဆီဗာဆီကိုရောက်ရှိချိန် နှစ်ခုရဲ့ခြားနားမှုဟာ ဒီခရီးကိုလာရတဲ့ အချိန်ကြာမြင့်မှုပဲဖြစ်ပါ တယ်။ အင်္ဂလိပ်လို Travel Time လို့ခေါ်ပါတယ်။


ပုံ (၃)


မိမိနဲ့ ဂြိုလ်တုအကွာအဝေး Distance ကိုတော့ ယင်းကြာမြင့်ချိန်ကို အလင်းရဲ့ အမြန်နှုန်း နဲ့ မြောက်ပေးလိုက်ခြင်းဖြင့် တွက်ယူရရှိပါတယ်။ တကယ်တော့ ဒီအလုပ်တွေကို ဂျီပီအက်(စ်) ရီဆီဗာ ထဲမှာရှိတဲ့ မိုက္ကရိုချပ်(စ်)တွေက ဆောင်ရွက် ပေးသွားတာပါ။ ကျွန်တော်တို့ ကိုယ်တိုင်တွက်နေရတာ မဟုတ်ပါဘူး။


အဆင့်(၃) တိုင်းတာမှုသုံးရပ်က တစ်ဆင့်ကတစ်ဆင့် မိမိတည်မှတ် (Position) ကိုသိပါတယ် (Three Distance Gives Position)


ပထမအဆင့်နဲ့ ဒုတိယအဆင့်များပြီးတဲ့အခါမှာ မိမိတည်ရှိရာ ကမ္ဘာမြေပြင်ပေါ်က နေရာဟာ မိမိ ဖမ်းယူတိုင်းတာရရှိတဲ့ ဂြိုလ်တုများကနေပြီး အကွာအဝေး ဘယ်လောက်စီမှာ တည်ရှိနေတယ်ဆိုတာ တိတိကျကျ သိရှိရပါတယ်။ ဒီတော့ ကျွန်တော်တို့ တည်ရှိတဲ့နေရာကို ဘယ်လိုတွက်ချက် သတ်မှတ်ရရှိသလဲ ဆိုတာ ဆက်ပြီး ကြည့်ကြရအောင်။
ဥပမာ- ကျွန်တော့လက်ထဲမှာရှိတဲ့ဂျီပီအက်(စ်)ရီဆီဗာက ဂြိုလ်တုအမှတ် (၁) ဟာ ကျွန်တော့ နေရာကနေပြီး အမြင့် ကီလိုမီတာ (၂၃၀၀၀) အကွာအဝေးမှာ ရှိနေတယ်လို့ တွက်ချက်ရရှိသည် ဆိုပါစို့။ စိတ်ကူးထဲမှာ အဲဒီဂြိုလ်တု အမှတ် (၁) ကိုဗဟိုပြုပြီး အချင်းဝက် (၂၃၀၀၀) ကီလိုမီတာရှိတဲ့ စိတ်ကူး စက်ဝန်းလုံး (Imaginery Sphere)ကို ဖန်တီးကြည့်လိုက်ပါ။ အဲဒီစိတ်ကူးထဲမှာ မြင်ကြည့်မယ်ဆိုရင် အဲဒီ စိတ်ကူးစက်ဝန်းလုံးပေါ်က တစ်နေရာရာမှာ ကျွန်တော် တည်ရှိနေပါတယ်။ ဒါပေမဲ့ဘယ်နေရာမှာဆိုတာ မပြောနိုင်သေးပါဘူး။
ဒီအနားသတ်ပွိုင့်တစ်ခုခုပေါ်မှာ ကျွန်တော့် ဂျီပီအက်(စ်)ရှိနေပါတယ်။ (ပုံ-၄ ရှု။)


ပုံ (၄)


ကဲထပ်ပြီး ဒုတိယဂြိုလ်တု အမှတ်(၂) ကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း မှာကျွန်တော့ ဂျီပီအက်(စ်) ရီဆီဗာက ဖမ်းမိတယ်ဆိုပါတော့ အဲဒီအမှတ်(၂) ဂြိုလ်တုဟာ မိမိကနေ (၂၆၀၀၀) ကီလိုမီတာ ကွာဝေးတယ်လို့ သိရရင် ကျွန်တော်တို့ဟာ မိမိတည်ရှိနေတဲ့နေရာကို ပိုပြီး မှန်းဆလာနိုင်ပါပြီ။
ပထမဂြိုလ်တုရဲ့အချင်းဝက် (၂၃၀၀၀) ကီလိုမီတာနဲ့ ဒုတိယဂြိုလ်တုရဲ့အချင်းဝက် (၂၆၀၀၀) ကီလိုမိတာ အကွာအဝေး စက်ဝန်းလုံးနှစ်ခု တစ်ခုနှင့်တစ်ခုဖြတ်မိတဲ့ စက်ဝိုင်း (circle) ပေါ်ကအမှတ် တစ်ခုခု ပေါ်မှာ မိမိတည်ရှိနေပါတယ်။ (ပုံ-၅ နှင့် ၆ ရှု။)။


ပုံ (၅)


ပုံ (၆)


တစ်ခါတတိယဂြိုလ်တု အမှတ်(၃) ဂြိုလ်တုဟာ မိမိနေရာကနေ ကီလိုမီတာ (၂၀၀၀၀) မှာ ရှိတယ်ဆိုပါစို့ ဒီတော့ တတိယဂြိုလ်တုရဲ့ အချင်းဝက် ၂၀၀၀၀ ကီလိုမီတာရှိတဲ့ စက်လုံးဟာ ပထမနဲ့ ဒုတိယဂြိုလ်တုတို့ရဲ့ စက်လုံးထိမှတ် များဖြတ်သွားတဲ့ စက်ဝိုင်း (circle) ပေါ်မှာ အမှတ်နှစ်ခုကို သွားပြီး ဖြတ်ပါလိမ့်မယ်။ ဒီအမှတ် နှစ်ခုအနက်က တစ်ခုခုဟာ ကျွန်တော်ရှိတဲ့ ကမ္ဘာပေါ်ကနေရာ တစ်နေရာ ပေါ့။ (ပုံ-၇ ရှု။)။


ပုံ (၇)


ဂြိုလ်တုလေးလုံး အမှတ် (၁၊ ၂၊ ၃၊ ၄) ကိုတစ်ပြိုင်နက်တည်း ရယူဖမ်းယူရရှိပြီးတာနဲ့ တစ်ပြိုင်နက် ကမ္ဘာမြေပြင်ပေါ်ရှိ ကျွန်တော်တည်ရှိနေတဲ့နေရာကို တိတိကျကျ သိရှိရပါတယ်။ စတုတ္ထ ဂြိုလ်တုရဲ့ စက်ဝန်းလုံးကနေဖြတ်သွားတဲ့ ဆုံမှတ်ဟာ အမှတ်သုံးဂြိုလ်တုရဲ့ စက်ဝန်းလုံးဖြတ်သွားတဲ့ ဆုံမှတ်နှစ်ခုအနက်က တစ်ခုပဲဖြစ်ပါတော့တယ်။ ဤနည်းအားဖြင့် ကျွန်တော်တို့ရဲ့ ကမ္ဘာမြေပြင်ပေါ်က တည်နေရာကို လတ္တီတွတ်- လောင်ဂျီတွတ် (Indian Grid) သို့မဟုတ် ယူတီအမ်(UTM) ကိုသြဒီနိတ်များနဲ့ တိတိကျကျ တိုင်းတာ အဖြေရရှိပါတယ်။
တကယ်တော့ဂြိုလ်တုအမှတ် (၁၊ ၂ နဲ့ ၃) ကရရှိတဲ့ ဆုံမှတ်နှစ်ခုနဲ့တင်ကိုပဲ ကျွန်တော်တို့ တည်နေရာကို သိရှိနေနိုင်ပါပြီ ဘာလိုလဲဆိုတော့ ဂြိုလ်တုအမှတ် ၁၊ ၂၊ ၃ တို့ရဲ့ စက်ဝန်းလုံးများ ဖြတ်သွားတဲ့ နောက်ဆုံး-ဆုံမှတ်နှစ်ခုအနက်က တစ်ခုသာလျှင် ကမ္ဘာမြေပြင်ပေါ်က တစ်နေရာမှာ ကျရောက်ပြီး အခြားတစ်ခုက ကမ္ဘာမြေပြင်ကနေ ကီလိုမီတာ ထောင်ပေါင်းများစွာဝေးတဲ့ လေဟာပြင်ထဲ က တစ်နေရာရာမှာ သွားပြီး ကျရောက်နေမှာ ဖြစ်တဲ့အတွက်ဖြစ်ပါတယ်။
(မှတ်ချက်။ ။ ကမ္ဘာ၏အချင်းသည် ကီလိုမီတာ ၁၂၇၁၃ မှ ၁၂၇၅၆ ထိသာရှိသည်။)


Polar axis = 12713 kilometer


Equtorial axis = 12756 kilometer


ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဂျီပီအက်(စ်)နဲ့တိုင်းတာတဲ့အခါမှာ အနည်းဆုံးဂြိုလ်တုလေးလုံးနှင့် တိုင်းတာ ခြင်းဖြင့် မိမိ တည်နေရာကို ပိုမိုမှန်ကန်စွာသိရှိတိုင်းတာရရှိပါတယ်။ ဒါအပြင် ကျွန်တော်တို့ သုံးတဲ့ ဂျီပီအက်(စ်) ရီဆီဗာရဲ့ နာရီကိုလည်း Univeral Time နဲ့ကိုက်ညီမှုရှိမရှိ ဆိုတဲ့စစ်ဆေးမှုကိုပါ ပြုလုပ်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ အထက်ပါ ရှင်းလင်းချက်ဟာ အဓိက Handheld GPS များအတွက် ဖြစ်ပါတယ်။


A GPS receiver calculates its position by precisely timing the signals sent by the GPS satellites high above the Earth. Each satellite continually transmits messages which include


• the time the message was sent


• precise orbital information (the ephemeris)


• the general system health and rough orbits of all GPS satellites (the almanac).


The receiver measures the transit time of each message and computes the distance to each satellite. Geometric trilateration is used to combine these distances with the satellites’ locations to obtain the position of the receiver. This position is then displayed, perhaps with a moving map display or latitude and longitude; elevation information may be included. Many GPS units also show derived information such as direction and speed, calculated from position changes.


ပုံ (၈)


အပိုင်း (၂) ကို ဆက်လက် ဖတ်ရှုနိုင်ရန် စီစဉ်လျက် ရှိပါသည်။



လာ​ရောက်​လည်​ပတ်​သူများအားလုံး​ကျေးဇူးတင်​ပါတယ်​ အိုင်​တီလူဆိုး​လေး

No comments:

Post a Comment

WINDOWS PASSWORD ကို ဆော့ဝဲလ် မသုံးဘဲ ကျော်နည်း

  windows 7 မှာ password မေ့သွားရင် ကျော်ခွနည်းလေးပါ။ windows 7 အခွေတော့ လိုအပ်ပါတယ်။ windows 7 အခွေကို Drive ထဲကို ထည့်လို...